မြောက်ဦး စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့မဈေးအတွင်းရှိရောင်းချနေသော ကုန်စုံဆိုင်များများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာ တင်ကိုဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင်၊ ဒုရဲအုပ် တင်မောင်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဖြိုးမောင်မောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမောင်မောင်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်းတို့အဖွဲ့သည် စားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ၊FDA မှ စားသုံး ရန် မသင့်သော၊ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ၊ သက် တမ်းလွန်နေသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးအရောင်ဆိုင်များတွင် တရားဝင်လိုင်စင်နှင့် သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ရောင်းချနေမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့က စားသောက်ကုန်လုပ်ငန်းရှင်များအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်းနှင့် “ကျန်းမာရေး မထိခိုက်နိုင်သော သုံးစွဲရန် ပါဝင်မှုပမာဏ သန့်သတ်ချက်ဖြင့် ခွင့်ပြု ဓာတုကြာရှည်ခံဆေးများ” ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)