ကာလိမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ  စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး "ရာသီဉတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ကျောင်းသား၊ ကျောင်းသူများကို သစ်တောသစ်ပင်များ ထိန်းသိမ်းရန်နှင့် မိမိပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုး၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်စေရေး အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်