ကျိုင်းတုံ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) အခမဲ့ ထိုးနှံနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးဦးရေး ၁ သိန်းတွင် ၂၅ ဦးခန့် ဖြစ်ပွားကြောင်း သိရှိရပြီး သေဆုံးမှုမြင့်မားလျက်ရှိပါကြောင်း၊ ကျောင်းအခြေပြုကာကွယ်ဆေး ထိုးနှံချိန်တွင် ပညာရေးဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးရန်နှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံချိန်များတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး)ဒေါက်တာ သက်မြင့်နှင့် ကျိုင်းတုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွမ်းခမ်းတို့က မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံနိုင်ရေးအစီအစဉ်များနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ဆွေးနွေးရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ကျိုင်းတုံမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံနိုင်ရေး အကျုံးဝင်သော အုပ်စုများမှာ (၁-၉-၂၀၁၁)မှ (၃၁-၈-၂၀၁၄)တွင် မွေးဖွားသော အမျိုးသမီးငယ်များဖြစ်ပြီး ဆေးထိုးနှံမှုအကြိမ်မှာ တစ်ကြိမ်တည်းသာဖြစ်ကြောင်း၊ ကျောင်းအခြေပြုထိုးနှံခြင်း အစီအစဉ်အား (၁၈-၉-၂၀၂၃)မှ (၂၉-၉-၂၀၂၃)အထိ သတ်မှတ်၍ ပြည်သူလူထုအခြေပြု ထိုးနှံခြင်းကို (၁၆-၁၀-၂၀၂၃)မှ (၂၇-၁၀-၂၀၂၃)ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)