မောက်မယ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု ၊ စေတီဖြူ− ရွာသစ်−နောင်ခမ်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းတိုးမြှင့်ခင်းခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
စေတီဖြူ− ရွာသစ်−နောင်ခမ်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်း (061 km× 3.66m× 375mm) ခင်းခြင်း လုပ်ငန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေကျပ်(၁၀၄.၇၃)သန်းဖြင့် Nation Glory.,Ltd ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါကတ္တရာလမ်းသည် ၂၀၂၃ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ၃၁ရက်နေ့အထိ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုကတ္တရာလမ်းသည် ဒေသခံကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ပိုမိုအဆင်ပြေလာစေနိုင်ပြီး ယခုလမ်းအားပြီးစီးသွားပါက ကျေးရွာများမှထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စဉ့်ဝင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဘောဂ၏ ပြောကြားချက်အရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)