ဟိုပုံး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စုရှိ "လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်" ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုး ကွယ်နိုင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် လုံခုတ်ကျေးရွာအုပ်စု၊ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ တောင်ဘက် ၁ ဖာလုံခန့်အကွာတွင် တည်ရှိသော ရှေးနှစ်ပေါင်းနှစ်ရာကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းစေတီတော်ဖြစ်သည့် "လောကမာရ်အောင်ဆုတောင်း ပြည့်စေတီတော်မြတ်"အား ဥာဏ်တော် ၇၂ ပေဖြင့် ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်နိုင်ရန်အတွက် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ ကျောင်း၊ တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များနှင့် သင်တန်းသားများမှ လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း(၂၀)တို့ကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများက နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ရပ်နီး/ရပ်ဝေးမှ ပြည်သူများလည်း လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)