မူဆယ်ခရိုင်မှ တောင်ကြီးမြို့သို့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်နယ်အဆင့် ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်

မူဆယ် စက်တင်ဘာ ၁၂

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်နယ်အဆင့် တောင်ကြီးမြို့သို့ သွားရောက်ယှဉ်ပြိုင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား/သူများက ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိပါသည်။

အဆိုပါ ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မူဆယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၅)နှစ်မှ (၂၀)နှစ်ကြားကာလပေါ်တေးဖြင့် ကျောင်းသား/သူ(၂)ဦးကအဆိုဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အကတွင်လည်း ကျောင်းသား/သူ(၂)ဦး၊ “ဇာတိဂုဏ်အမျိုးဂုဏ်” သီချင်းဖြင့် ကျောင်းသား(၁)ဦးကအဆိုဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ အထက(၁)ကျောင်းဘက်စုံသုံးခန်းမတွင် ကြိုတင်လေ့ကျင့်ပြင်ဆင်လျက်ရှိပါသည်။ ထို့အပြင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကာလပေါ်တေးဖြင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်ကြား တပင်တိုင်အကအလှကို ကျောင်းသား(၁)ဦး၊ အဆိုတွင် ကျောင်းသား/သူ(၇)ဦးတို့က ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသက်(၁၀)နှစ်မှ(၁၅)နှစ်ကြား ခေတ်ဟောင်းတေးဖြင့် အဆိုတွင် ကျောင်းသား/ သူ(၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ကျောင်းခန်းမတွင် ကြိုတင်လေ့ကျင့်လျက်ရှိပါသည်။ ထို့အတူ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ  အသက်(၁၅)နှစ်မှ (၂၀)နှစ်ကြား ခေတ်ဟောင်းတေးဖြင့် တယောတီးခတ်ယှဉ်ပြိုင်မည့် ကျောင်းသူ(၁)ဦး၊ တပင်တိုင်မင်းသားအကဖြင့် ကျောင်းသား(၁)ဦးနှင့် အဆိုဖြင့် ကျောင်းသား/သူ(၇)ဦးတို့အပြင် အသက်(၁၀)နှစ်မှ (၁၅)နှစ်ကြား ခေတ်ဟောင်းတေးဖြင့် တပင်တိုင်အကအလှဖြင့် ကျောင်းသူ(၁)ဦးနှင့် အဆိုဖြင့် ကျောင်းသား(၁)ဦးတို့က အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်နယ်အဆင့်အဖြစ် တောင်ကြီးမြို့တွင် စက်တင်ဘာ(၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို မူဆယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ(၁၄)ရက်နေ့တွင် ကျောင်းသား/သူ စုစုပေါင်းကျောင်းသား/သူ(၂၉)ဦးက ပြည်နယ်အဆင့် ဆက်လက်ယှဉ်ပြိုင်ရန် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/သူတို့သည် မိမိတို့၏ သက်ဆိုင်ရာကျောင်းများအလိုက် အစွမ်းကုန် ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)