ပင်းတယမြို့နယ်၌ ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပင်းတယ သြဂုတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကအခြေခံကာ သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချလျက်ရှိရာ မိုးဦးကျကာလစိုက်ပျိုးခဲ့သည့် ဂျင်းစိုက်ခင်းများယခုအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြောင်း တွေ့ရသည်။

"အရင်နှစ်က ဂျင်းတစ်ပိဿာကိုငွေကျပ် ၁၈၀၀ ကျော် ၂၀၀၀ လောက်ဘဲရတယ်။ စျေးကအရမ်းနည်းလို့ မိသားစုဝင်ငွေ အခက်အခဲဖြစ်တာပေါ့။ ဂျင်းအစိုစျေးမရတော့ တချို့က နေလှမ်းပြီးဂျင်းအခြောက်လုပ်ရောင်းတယ်။ တချို့ကျတော့ စျေးမရတော့မရောင်းတော့ဘဲ အကုန်ပြန်ပျိုးပစ်လိုက်တယ်။ ဒီနှစ်တော့ စျေးကောင်းရဖို့ မျှော်လင့်ထားတာဘဲ။ ဂျင်းစိုက်ခင်းတွေက အရမ်းများတယ်။ စိုက်ထားသလောက်လည်း ဖြစ်ထွန်းတယ်။ ဂျင်းပေါ်ချိန် စျေးကောင်းရရင်တော့မိသားစု အပိုဝင်ငွေလဲရ၊ ပိုတာလေးလဲလှူရ၊တန်းရ၊ အဆင်ပြေတာပေါ့ဗျာ"ဟု ပင်းတယမြို့နယ်၊ ဇော်ဂျီကျေးရွာ၊ ဂျင်းစိုက်ပျိုး တောင်သူတစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် အင်းငယ်၊ ဇော်ဂျီ၊ ဖနံ၊ ညောင်ဝန်း၊ ညောင်ကောက်၊ အုံအက်စသည်ကျေးရွာများ၌ ဂျင်းပင်များ အများအပြားစိုက်ပျိုးကြသည်။ ဂျင်းစိုက်ပျိုးရာတွင် မိုးဦးကျကာလများတွင်ဂျင်းပျိုးတက်များ စတင်စိုက်ပျိုးပီး(၂) လခန့်အကြာတွင် ဂျင်းတက်ပွားများ ထွက်ရှိလာပြီဖြစ်၍ မူလဂျင်းတက်ဟောင်းများအား ပြန်လည်တူးဖော်ရောင်းချပြီး၊ အသစ်ထွက်လာသည့် ဂျင်းတက်သစ်များအား နောက်(၄)လခန့်အကြာ (စက်တင်ဘာလ)ကုန်ပိုင်းတွင် တူးဖော်ရောင်းချနိုင်ပြီဖြစ်သည်။ မိုးဦးကျကာလ စိုက်ပျိုးထားသည့် ဂျင်းပင်များ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ ဂျင်းများ တူးဖော်ရောင်းချချိန်၌ စျေးကောင်းရရန် မျှော်လင့်နေကြောင်းနှင့် ဂျင်းများအား အောင်ပန်းပွဲရုံများမှတစ်ဆင့် ပြည်တွင်းဒေသအနှံ့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရဲထက်ဦး(ပြန်/ဆက်)