မူဆယ်မြို့ နယ်စပ် လူဝင်၊ လူထွက်ဂိတ်များမှ တရားဝင် (၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင်ငံ ဝင်/ထွက်ကဒ်(တစ်ခါသုံးကဒ်)များဖြင့် စတင် ဝင်/ထွက် သွားရောက်နိုင်

မူဆယ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ် လူဝင်/ထွက်ဂိတ်များနှင့် ကူးသန်းရောင်းဝယ်ရေး နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် ၂၀၂၁ခုနှစ်၊ မတ်လကုန်ပိုင်းမှစ၍ နှစ်နိုင်ငံလူဝင်/ထွက်နှင့်ကူသန်းရောင်းဝယ်မှုတို့အား ခေတ္တယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှစ၍ ကူးသန်းရောင်းဝယ်ခြင်းနှင့် လူဝင်/ထွက်ဂိတ်များကို နှစ်နိုင်ငံ ဝင်/ထွက်စာအုပ် (BP)စာအုပ်များအား စတင်ပြုလုပ်ပေးခဲ့ကာ ဝင်/ထွက်သွားလာနိုင်ခဲ့သည်ဖြစ်ရာ စက်တင်ဘာလ(၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီမှစ၍ မြန်မာနိုင်ငံမည့်သည့်ဒေသမှ ပြည်သူကိုမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင် (၆)ညအိပ် (၇)ရက် နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား (TBP)-တစ်ခါသုံးကဒ်များကို စတင်ပြုလုပ် ဆောင်ရွက်လျက်ရှိရာ တစ်ခါသုံးကဒ်ဖြင့် နယ်စပ်ဂိတ်များမှ ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ လူဝင်/ထွက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပြန့်ပွားမှုကို ကောင်းစွာ ဟန့်တားထိန်းချုပ်နိုင်ပြီးဖြစ်၍ နယ်စပ်အဓိကအချက်အချာမြို့များဖြစ်သော မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် နေထိုင်ကြောင်း အိမ်ထောင်စုဇယားရှိသူများကိုသာ နှစ်နိုင်ငံဝင်/ထွက်စာအုပ် (BP)များကို စတင်ပြုလုပ်ဆောင်ရွက်ပေးကာ ဝင်/ထွက်သွားလာနိုင်ခဲ့ပြီး ယနေ့ စက်တင်ဘာ(၄)ရက်နေ့တွင် မည့်သည့်ဒေသမှမဆို ပြည်သူအားလုံး နိုင်ငံသားစီစစ်ရေးကဒ်ပြားဖြင့် တရားဝင်(၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင်ငံဝင်/ထွက်ကဒ်များ စတင်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း မိမိ၏ နိုင်ငံသားစီစစ်ရေးကဒ်အမှတ်(EID) မှန်ကန်ပါက တစ်ခါသုံး နှစ်နိုင်ငံဝင်/ထွက်ကဒ်(TBP)များကို အဝင်/အထွက်စာရွက်စာတမ်းဝန်ဆောင်ခ မြန်မာကျပ်ငွေ (၁၀၀၀)ကျပ်ဖြင့် နယ်စပ်လူဝင်/ထွက်ဂိတ်များရှိ လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုလုပ်ဆောင်ရွက်ပေးကာ တစ်ခါသုံးကဒ်ဖြင့် စတင်ဝင်/ထွက်သွားလာနိုင်ပြီဖြစ်သည်။ အဆိုပါ တစ်ခါသုံးဝင်/ထွက်ကဒ်(TBP) များဖြင့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဝင်ဂိတ်တို့တွင် သွားလာဝင်/ထွက်နိုင်ပြီဖြစ်ပြီး မန့်ဝိန်းဂိတ်မှလည်း ကုန်တင်ယာဉ်မောင်းတစ်ဦးသာ ယာယီတစ်ခါသုံးကဒ်(TBP)ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ထိုသို့ (၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင်ငံဝင်/ထွက် တစ်ခါသုံးကဒ်များ ပြုလုပ်ဆောင်ရွက်ပေးနေ မှုတို့ကို ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့်တကွ နယ်စပ်ဂိတ် လဝကဒုတိယဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုး၊ မူဆယ်မြိုနယ်ဦးစီးမှူး ဦးစန်းလွင်တို့က နယ်စပ်ဂိတ်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကာ တစ်ခါသုံးကဒ်ဆောင်ရွက်ရာတွင် အလွယ်တကူ မြန်ဆန်ထိရောက်မှုရှိစေရေးနှင့် လက်ရှိဝင်/ထွက်သွားလာကြမည့် ပြည်သူများအား ကဒ်ပြုလုပ်ဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးကြီးကြပ်ခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)