မူဆယ် စက်တင်ဘာ ၁၂
ဌာနဆိုင်ရာဝန်ထမ်းအလှူရှင်များနှင့် ဒေသခံပြည်သူစေတနာ့ရှင်၊ အလှူရှင်များစုပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရှိ အလိုတော် ပြည့်စေတီတော်အတက်လမ်း ကွန်ကရစ်လမ်းဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားနှင့် ပန်းခင်းစီမံချက်(၂)အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဇေယျမင်္ဂလာကျေုာင်းတိုက်အတွင်းရှိ မေတ္တာစံအိမ် မိဘမဲ့ဂေဟာမှ ကလေးသူငယ်များကို နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်(၁၀:၀၀)အချိန်က လမ်းဖွင့်ပွဲအခမ်းအနားနှင့်အတူ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျာမင်္ဂလာကျောင်းတိုက်၊မေတ္တာစံအိမ် ပရဟိတဂေဟာ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တအာသဖ၏ သက်တော်(၅၁)ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပွဲနှင့်အတူ ဂါမသုခကုန်းတော်ပေါ်ရှိ အလိုတော်ပြည့်စေတီတော် အတက်လမ်းအကျယ်-၁၆ပေ၊ အရှည်-၃၉၄၈ပေနှင့် ကွန်ကရစ်ထု-၆လက်မရှိ ကွန်ကရစ်လမ်းသစ်အား ဆရာတော်ဘုရားနှင့်တကွ မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ ခရိုင်လူဝင်မှုကြီးကြပ် ရေးမှုနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အလိုတော်ပြည့်စေတီတော်ပေါ်တွင် လမ်းဖွင့်ပွဲနှင့် မွေးနေ့မင်္ဂလာတရားတော်ကို ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။
ဆက်လက်၍ ဇေယျာမင်္ဂလာကျောင်းတိုက်၊ မေတ္တာစံအိမ်ပရဟိတဂေဟာတွင် မိဘမဲ့ကလေးသူငယ်(၂၇၂)ဦးရှိသည့်အနက် (၁၀)နှစ်အထက် ကလေးသူငယ်များကို မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစန်းလွင်က ကြီးမှူး၍ ပန်းခင်းစီမံချက်(၂)အရ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပြီး ပထမအကြိမ်တွင် ဦးရေ(၆၀)ကျော်အား ပြုလုပ်ဆောင်ရွက်ပြီးဖြစ်ကာ ယခုဒုတိယအကြိမ်အဖြစ် ဦးရေ(၇၈)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ကလေးသူငယ်များ၏ လက်ဝယ်အရောက် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)