သီပေါ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ နှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အိအိမျိုးက မိုးကြိုးလျှပ်စီးဘေး၊ ရေဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏အခွင့်အရေး၊ အစားအသောက်များ၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်စသည့် အကြောင်းအရာများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူအသီးသီးက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)