ကျိုင်းတုံမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)အဖွဲ့များ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိစေရန်၊ အနာဂတ်သားကောင်းရတနာများ ထူးချွန်ထက်မြက်သည့် လူငယ်များ အသိပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိသည့် ဗလငါးတန်ဖွံ့ဖြိုးနိုင်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁:၀၀ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်စိုင်းအုပ်စု၊ ကတ်ဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.ကခွဲ)၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းဆမ်တစ်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လူငယ်အသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းဆမ်တစ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိုင်ငံတကာလူငယ်များနေ့ရည်မှန်းချက် လေးချက်နှင့်ပတ်သက်ပြီး လူငယ်များအတွက် လိုအပ်ချက်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ လူငယ် များ၏ အခန်းကဏ္ဍများဆိုင်ရာ အကြောင်းအရာများလည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA) အတွင်းရေးမှူး ဦးအားဒါက မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လိုက်နာရှောင်ကြဉ်ရမည့် အချက်များကိုလည်းကောင်း၊ ကျိုင်းတုံမြို့ ဥပဒေဆိုင်ရာအထောက် အကူညီပေးရေးအဖွဲ့ဝင် ဦးမောင်မောင်သွင်က ဥပဒေဆိုင်ရာအထောက်အကူပေးရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ အခြေခံမူနှင့် အထောက်အကူတောင်းခံခွင့်ရှိသူများ၏ သက်ဆိုင်သည့် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ထို့နောက် လူငယ်အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာကြသော ကျောင်းသား/သူမိဘများနှင့် ကျောင်းသား/သူ (၁၈၀)ဦးတို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် ဗီနိုင်းပိုစတာ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ လိုက်နာရှောင်ကြဉ်ရသည့် အချက်အလက်ဆိုင်ရာ ဗီနိုင်းပိုစတာများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)