ဟိုပန်၌ သဘာ၀ဘေးအနရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ အသိပညာပေးဟောပြော

ဟိုပန် စက်တင်ဘာ ၁၂

‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန် တွင် အ.ထ.က(ခွဲ) ပန်ကောက်ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့်နှင့် နေ့လယ်ပိုင်းတွင် မူလွန်-လီရှော(ပန်ကောက်)ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၅၀) ဦး ခန့်အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစောရန်အောင်က ယခုလိုမိုးရာသီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးရေကျသော ရေကန်များ၊ ချောင်း၊ မြောင်း၊ အင်းအိုင်များ စသည်နေရာများတွင် သွားရောက်ရေဆော့ကစားခြင်းများ မပြုလုပ်ရန်၊ မိုးကျချိန်တွင် အဆိပ်ရှိသော သတ္တာဝါ၊အကောင်များ မျောပါလာနိုင်သည့်အတွက် သတိပြုရမည်ဖြစ်ကြောင်း၊ လေပြင်းတိုက်ချိန်၊ မိုးချိန်းချိန်၊ လျှပ်စီးလျှပ်ခြင်းများ ဖြစ်ပေါ်တတ်သည့်အတွက် ၎င်းအချိန်တွင် ဖုန်းများမသုံးသင့်ကြောင်း၊ လမ်း၊ သစ်ပင်အောက်များတွင် နေထိုင်ခြင်းမပြုဘဲ မိမိနှင့်နီးစပ်လျက်ရှိသည့် အဆောက်အအုံကိုရှာဖွေ ခိုလှုံရမည်ဖြစ်ကြောင်းနှင့် လေပြင်းတိုက်ခတ် နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် စသည့်အချက်များနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးများနှင့် ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်