နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီရုံးနှင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍လက်တွေ့ မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
Myanmar Electronic Voting Machine (MEVM) စက်ကို ပြည်တွင်းနည်းပညာရှင်များမှ မြန်မာနိုင်ငံအခြေအနေနှင့်လျော်ညီစွာ တည်ဆောက်ထားခြင်းဖြစ်ရာ အသုံးပြုသူ မဲဆန္ဒရှင်များအနေဖြင့် လွယ်ကူရိုးရှင်းစွာ မဲပေးဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၌ မဲဆန္ဒရှင်အသိပညာပေးအနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများတွင်လည်း စမ်းသပ်မဲပေးခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အခက်အခဲမရှိလွယ်ကူလျင်မြန်စွာ မဲပေးဆောင်ရွက်နိုင်ခဲ့ကြပြီး စက်နှင့်စပ်လျဉ်း၍ ချို့ယွင်းချက် တစ်စုံတစ်ရာမျှပေါ်ပေါက်ခဲ့ခြင်းမျိုးမရှိ အလွယ်တကူ ဆန္ဒမဲပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ရှင်းလင်းဆွေးနွေးခြင်းနှင့်သရုပ်ပြပွဲများသို့ နေပြည်တော်ကောင်စီမှ အရာထမ်း၊ အမှုထမ်း ၃၃၅ ဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အရာထမ်း၊ အမှုထမ်း ၂၂၀ ဦးတက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရှိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)