မိုးနဲမြို့ အလကမြို့မကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးနဲ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က အဖွင့်အမှာစကားနှင့် ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းရေးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကိုချမှတ်ထားပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်းပခုံးပြောင်းထမ်းဆောင်နိုင်ရေးအတွက် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာရန်အရေးကြီးပါကြောင်း၊ လူငယ်များအနေဖြင့် ဗဟုသုတတိုးပွားရေးအတွက် စာပေကို များများဖတ်ရှုလေ့လာစေလိုကြောင်း ကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ‌ဒေါ်နန်းသန်းသန်းစိုးက လူငယ်နှင့်အားကစားမြှင့်တင်ရေးကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး မြို့မအလက ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချိတ်ဆွဲပြသထားသော လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ ပေးနံရံကပ်စာစောင်များကို ကျောင်းသား‌/ သူလေးများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)