ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်မြို့အထင်ကရ မေတ္တာမွန်ရေကန် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပင်စင်ကုန်းလမ်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ ၁၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် မေတ္တာမွန် ရေကန်အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့ နှင့်အတူ ဗန်းမော်မြို့လယ်တွင် တည်ရှိသည့် မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)အဆင့်မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ရေကန်အဝင် အလှပန်းပင်များ စိုက်ပျိုးနိုင်ရေး၊ ကားပါကင်ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၅၀ သန်းဖြင့် ရေကန်အတွင်း သုံးဆင့်ရေပန်းနှင့် မီးအလှ တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မေတ္တာမွန်ရေကန်ဆိုင်းဘုတ် မီးအလှဆင်နိုင်ရေးနှင့် ဆိုင်းဘုတ်အောက်ခံခုံနှင့် လျှောက်လမ်းပြုလုပ်ပြီးစီးမှု၊ ခွင့်ပြုရန်ပုံငွေကျပ် ၆၁.၇၅၉ သန်းဖြင့် အရှည် ၅၇၈ ပေရှိ ကျောက်စီရေထိန်းနံရံတည်ဆောက်သွားမည့် အစီအစဉ်များနှင့် ကန်ပတ်လမ်းသစ် ဖောက်လုပ်နေမှု၊ မြေယာရှုခင်းပြုပြင်ပြီး အလှပန်းဥယျာဉ်ငယ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေကန်ပတ်ဝန်းကျင် လာရောက်အပန်းဖြေကြသည့် ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့ ပင်စင်ကုန်းရပ်ကွက်အတွင်း ပြည်နယ်စိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၆၃.၅ သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် အရှည် ၁၇၀၀ ပေရှိ ပင်စင်ကုန်းတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တံတားဖွင့်ပွဲပြုလုပ်နိုင်ရေး၊ တံတားပတ်ဝန်းကျင်ရှိ ကျွန်းမျှောများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နည်းပညာအကူရယူ၍ ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)