ကလောမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်

ကလော စက်တင်ဘာ ၁၂

လယ်ယာကဏ္ဍတွင် စက်ကိရိယာများ အစားထိုးသုံးစွဲ၍ တောင်သူများ လယ်ယာသုံးစက်ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုမောင်းနှင် ထိန်း သိမ်းတတ်စေရန်၊ ဒေသခံတောင်သူအချင်းချင်း နည်းပညာဆင့်ပွား ပေးနိုင်ရန်နှင့်တောင်သူများ လက်ဝယ်၌ လယ်ယာသုံး စက်ကိရိယာပိုင်ဆိုင်မှု တိုးတက်မြင့်မားလာပြီး၊ စက်မှုလယ်ယာစနစ်သို့ လျှင်မြန်စွာ ကူးပြောင်းနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် အောင်ပန်းမြို့  စက်မှုလယ်ဦးစီးဌာန၊ အမှတ် (၆၅) စက်မှုလယ်ယာ စခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ငုတ်ကျေးရွာအုပ်စု၊ နန်းရုပ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နှင့်ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွေးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဦးဘဝင်းက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းလာရောက် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး  ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို (၁၁-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) နေ့အထိ သင်တန်းသား (၃၄) ဦးကို သင်ကြားပို့ချပေးသွားမည်ကြောင်း၊ အဆိုပါသင်တန်းဖွင့်လှစ်ခြင်းကြောင့် ကျေးလက်ဒေသနေ တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာများကိုကျွမ်းကျင်စွာ  ကိုင်တွယ်မောင်းနှင်သည့် အတတ်ပညာများ အခြေခံအားဖြင့် တတ်မြောက်ပြီး လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများဖြင့် အစားထိုး၍ အချိန်မီဆောင်ရွက်နိုင်ပြီး၊ သီးထပ်များ အချိန်မီ စိုက်ပျိုးနိုင်ခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)