တောင်ကြီး စက်တင်ဘာ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရသည် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် သင်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)၌ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဟယ်ကယ်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် (၁၈)မြို့နယ်မှ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းများရှိ အသင်းအမှုဆောင်များ၊ မြို့နယ်ဦးစီးအရာရှိများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်သော်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်သော်လည်းကောင်း၊ အသင်းအချင်းချင်းပံ့ပိုးမှုဖြင့်သော်လည်းကောင်း၊ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ဖြန့်ဖြူးပေးနိုင်မှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးအရာရှိများ သမဝါယမအသင်းအဆင့်ဆင့်မှ အသင်းအမှုဆောင်များက အသီးသီးတင်ပြကြရာ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)