“ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်၊ လူရွယ်များ ဖြစ်ပေါ်လာစေရန် လူငယ်စကားဝိုင်းကျင်းပ”

မူဆယ် စက်တင်ဘာ ၁၂

ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ပြောင်မြောက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မူဆယ်မြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သန်းဦးက ကျောင်းသား/သူများကို အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရန်နှင့် အနာဂတ်တွင်ထူးချွန်သော နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန် ယခုကဲ့သို့ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူဆယ်မြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်ကလည်း ကျောင်းသား/သူများအား မသားစုအိမ်တွင်းမှု အတတ်ပညာအကြောင်း သိကောင်းစရာများကို ဖြည့်စွက်ဟောပြောခဲ့ပါသည်။ ထို့နောက် မူဆယ်မြို့နယ်၊ အားကစားမှူး ဦးမြင့်ထွေးက လူငယ်စကားဝိုင်းတွင် ကျောင်းသား/သူများအား အားကစားဆိုင်ရာသိကောင်းစရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၇)ဦးတို့က “လူငယ်နှင့်အနာဂတ်ရည်မှတ်ချက်”၊ “လူငယ်နှင့်ဘဝနေထိုင်မှု”၊ “လူငယ်နှင့်အားကစား”၊ “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ “လူငယ်နှင့်စာဖတ်ခြင်း”၊ “ကျောင်းသားလူငယ်နှင့် ပညာရေး”၊ “ယနေ့ Social Media နှင့် ခေတ်လူငယ်များ”  ခေါင်းစဉ်အသီးသီးဖြင့် လူငယ်စကားဝိုင်းတွင် မိမိတို့၏အတွေးအခေါ်၊ ထင်မြင်ယူဆချက်တို့ကို ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများကလည်း အဆိုပါ ခေါင်းစဉ်များအောက်တွင်ထပ်ဆင့် ဆွေးနွေးလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ ကျောင်းသား/ သူများ အပြန်အလှန် ဆွေးနွေးခဲ့သည်များကိုသုံးသပ်၍ လိုအပ်သည်များကိုဖြည့်စွက်၍ အကျယ်တဝင့် ရှင့်လင်းသည်။ ထိုနောက် ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်က ကျေးဇူးတင်စကာပြောကြားပြီး လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများကို ကျောင်းသုံးစာရေးကိရိယာများ ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားမှူးက ကျောင်းအတွက် ဘောလုံးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)