မိုင်းခတ် စက်တင်ဘာ ၁၂
မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတရသစာအုပ်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်ကလူငယ်နှင့်စာဖတ်ခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြော၍ ကျောင်းသား၊ ကျောင်းသူများက သုတ/ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များနှင့်Mini Museum (ပြတိုက်ငယ်)တွင် ပြသထားသည့် တိုင်းရင်းသားအသုံးဆောင်ပစ္စည်းများအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်ရာစာအုပ်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)