မိတ္ထီလာ စက်တင်ဘာ ၁၁
မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာ ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဖြစ်သူထံက သိရသည်။
(၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းမှာ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၈ ရက်ကြာ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အကြီးတန်းနဲ့ အငယ်တန်း နှစ်တန်း ခွဲခြား ကျင်းပမှာဖြစ်ပြီး အကြီးတန်း ပြိုင်ပွဲမှာ ပထမဆု ၅ သိန်းကျပ် ၊ ဒုတိယဆု ၃ သိန်း ကျပ်၊ တတိယဆု ၂ သိန်းကျပ် ၊ အငယ်တန်းပြိုင်ပွဲမှာ ပထမဆု ၃ သိန်းကျပ် ၊ ဒုတိယဆု ၂ သိန်းကျပ် ၊ တတိယဆု ၁သိန်းကျပ် အသီးသီး ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းအရေအတွက် ကတော့ ဒီနေ့အထိ စာရင်းပေးသွင်းထားတာ ၂ဝ သင်းခန့်ရှိနေပြီး စက်တင် ဘာလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ နောက်ဆုံးစာရင်းပေးသွင်းဖို့ နှိုးဆော်ထားပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြိုင်ပွဲဝင်အသင်းတွေကို အုပ်စုမဲနှိုက်ပြီး ပြိုင်ပွဲစာရင်းပွဲစဉ်တွေကို အတည်ပြု မှာ ဖြစ်ပါတယ်ဟု အဆိုပါ လှေပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောသည်။
မိတ္ထီလာမြို့ (၁၄ဝ) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ လ၂၂ရက်နေ့ (တော်သတင်းလဆန်း ၈ ရက်)မှ အောက်တိုဘာလ ၁ ရက်နေ့ ( တော်သလင်းလပြည့်ကျော်) အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ