ကမာရွတ် စက်တင်ဘာ ၁၁
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း ဟောပြောခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှုး ဆရာဦးဝင်းသိန်းက လူငယ်နှင့်စာရိတ္တအကြောင်း ဟောပြောရာတွင် စာရိတ္တကောင်းမွန်ရန် အသိနှင့်ပညာသည် အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် စာရိတ္တမဏ္ဍိုင်မယိမ်းယိုင်ဘဲ မိမိအကျိုး၊ နိုင်ငံအကျိုး၊ လူထုအတွက် အကျိုးပြုသည့်အရာများ ပေးအပ်ရန် လိုအပ်ကြောင်းနှင့် အ.လ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုဝါက ကျေးဇူးတင်စကားပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးများ သိထားသင့်သည့် မှုခင်းကာကွယ်ရေး အသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေး စသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)