သာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

သာစည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အထက်တန်းအဆင့်ပြိုင်ပွဲကို ပြုလုပ်ရာ “လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်ကြ” “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့” ခေါင်းစဉ်နှစ်မျိုးပေးထားပြီး ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက မဲနှိုက်ကာ ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြသည်။ ဆက်လက်ပြီး အလယ်တန်း အဆင့်ပြိုင်ပွဲတွင်လည်း “လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံးကူညီပေး” “လူကုန်ကူးမှုသတိပြု” ခေါင်းစဉ် နှစ်မျိုးကို မဲနှိုက်ကာ ကျရာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြကြောင်း သိရသည်။ ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား/သူများကို ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက် ပေးသော မြို့နယ်မှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)