ဂွမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရန် အသိပေးရှင်းလင်းပွဲ ကျင်းပ

ဂွ  စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်း အနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်က  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရခြင်းနှင့် ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းဆိုင်ရာလက္ခဏာများ၊ ကာကွယ်ထိုးနှံပေးသွားမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံမှုများနှင့် ပတ်သက်၍ Video Clips ဖြင့်ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးဖြစ်သည့် လေးမျိုးစပ်ကာကွယ်ဆေး (တစ်ကြိမ်)ထိုးနှံခြင်းအား စက်တင်ဘာလ (၁၈)ရက်နေ့မှ စ၍ စက်တင်ဘာလ (၂၉)ရက်နေ့ အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အဖြစ်လည်းကောင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ(၂၇)ရက်နေ့အထိ  ပြည်သူအခြေပြုကာကွယ်ဆေး ထိုးနှံခြင်းအဖြစ်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်