ခရမ်းမြို့နယ် မကျီးကန်ကျေးရွာတွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခရမ်း စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းများ၊ မကျီးကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် မကျီးကန်ကျေးရွာ ဘုန်းတာ်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီမှ ပန်းခင်း စီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်) ခြင်းများ ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက် (၂) ဆောင် ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူ ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံသားကတ်ပြား၏ တန်ဖိုးနားလည်စေရန်နှင့် ဌာနမှ biometric လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်(၂) ဖြင့် မကျီးကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ (၁၇၃) ဦး တို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)