ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပ

ဒလ စက်တင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ပြီး ပညာဟုဆိုရာမှာ ကျောင်းစာပေလေ့လာရုံသာမက ပြင်ပဗဟုသုတများရရှိစေရန်အတွက် သုတ၊ ရသစာအုပ်များကို ဖတ်ရှုလေ့လာပြီး အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကြောင်းပညာ၊ ဆေးပညာ၊ ဥပဒေပညာ၊ စီမံခန့်ခွဲမှုပညာ စသောပညာရပ်အမျိုးမျိုးမှ မိမိဝါသနာနှင့် ကိုက်ညီသော ပညာရပ်ကို ရည်းမှန်းချက်ထားပြီး ကြိုးစားရမည်ဖြစ်သည်။ စဥ်းစားမျှော်မြင်နိုင်စွမ်းမြင့်မားရန်အတွက် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့်အလေ့အထကို လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များခင်းကျင်း ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြင့်ဇော် (ပြန်ဆက်)