သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သထုံ စက်တင်ဘာ    ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲကျင်းပရာတွင် ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ရာသီဥတု‌ပြောင်းလဲမှု‌လျှော့ချ‌ရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးဟိန်းလင်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ကျောင်းသားကျောင်းသူများအနေဖြင့် ကမ္ဘာ့အိုဇုန်းလွှာပျက်စီးလာရခြင်းအ‌ကြောင်းရင်းများနှင့်အတူ ရာသီဥတုပြောင်းလဲဖောက်ပြန်လာမှုများကြောင့် လူသားတို့အပေါ် ကျရောက်လာသည့် သဘာဝဘေးအမျိုးမျိုးတို့ကို သိရှိပြီး အိုဇုန်းလွှာထိမ်းသိမ်းရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို လာမည့် စက်တင်ဘာလ(၁၆)ရက်နေ့၌ ကျင်းပမည့် မြို့နယ်အဆင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြင့်သွားမည် ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)