ဗန်းမော် စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဗန်းမော်မြို့ ဖန်းခါးကုန်းရပ်ကွက်ရှိ IDP Camp တွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက "စားသောက်ကုန်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသထွက်သစ်သီးဝလံများအား ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်နှင့် ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေ ရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ပြည်ပမှ တင်သွင်းသော စာသောက်ကုန်များ လျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရ ခြင်းဖြစ်ကြောင်း" သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ညိုမြက သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ (၂၀)ဦးအား မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်၊ ချဉ်စော်ကား သီးဖျော်ရည်၊ ချဉ်စော်ကားသီးဝိုင်၊ ချဉ်စော်ကားသီးယို၊ ချဉ်စော်ကားသီး Scrub၊ သင်္ဘောသီးယို၊ အာလူးကြော်၊ ကြက်ဥမြေပဲပွကြော်၊ မြေပဲယို၊ ဆနွင်းမကင်း၊ ငှက်ပျောပူတင်း စသည့် စားသောက်ကုန် (၁၃)မျိုးအား စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၅)ရက်တာ စာတွေ့ ၃၀% လက်တွေ့ ၇၀% သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်