တာမွေ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်အတွင်း ဗဟို/ ခရိုင်/ မြို့နယ်အဆင့် ကြီးကြပ်မှုအောက်ရှိ ဆေးရုံကြီးများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးကုသမှုခံယူနိုင်စေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ သင်္ဃန်းကျွန်းခရိုင်အတွင်း ဗဟို/ ခရိုင်/ မြို့နယ်အဆင့် ကြီးကြပ်မှုအောက်ရှိ ဆေးရုံကြီးများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)နှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးတို့တွင်လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၌လည်းကောင်း ဆေးရုံဝင်းများ အတွင်း/ အပြင် ချုံနွယ်ပိတ်ပေါင်းများ၊ ပေါင်းမြက်များ၊ မြေဆီလွှာနှင့် သစ်ပင်ပန်းမန်များအား ဆိုးကျိုးဖြစ်စေနိုင်သည့် ပလပ်စတစ် အမှိုက်သရိုက်အပါအဝင် ဆွေးမြေ့ရန် မလွယ်ကူသော စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ၊ အမြင်မတင့်တယ်သည်များအား ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် ဆေးရုံဝင်းများအတွင်း ရေ၊ မီး၊ မိလ္လာနှင့် သန့်ရှင်းရေးစနစ်များ ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဓိကထား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)