နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့မှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဒုတိယအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပ

နမ္မတူ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့မှ နမ္မတူမြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပညာရေးဌာနမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်လလျှင် တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဒုတိယအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က နမ္မတူမြို့နယ် သန္တိသစ္စာတရားရိပ်သာ၌ ကျင်းပသည်။

အခမ်းအနားတွင် ‌ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက မြတ်ဆရာသီချင်းအား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး အငြိမ်းစားဆရာမကြီး ဒေါ်နန်းကြာအုံက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မေတ္တာ‌ရောင်ပြန် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းကြည်လေးက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဒုတိယအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်‌ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ အလှည့်ကျ ဆရာကြီး၊ ဆရာမကြီး (၇)ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၄၂ ဦးအတွက် သီးသန့်အလှူရှင်တစ်ဦးမှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဂါဝရပြု ပူဇော်ကန်တော့ခဲ့ကြောင်း မေတ္တာ‌ရောင်ပြန် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းကြည်လေးထံက သိရသည်။

လူမော် (ပြန်/ဆက်)