ရမည်းသင်း စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုရဲမှူးကျော်မိုးလှိုင်က လမ်းအန္တရာယ်ကင်းစင်ရေး အဓိကမဏ္ဍိုင် (၅)ရပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်စဉ်များ၊ လမ်းညွှန်းအမှတ်အသားများ၊ အန္တရာယ်သတိပေးလမ်းညွှန်များ၊ ယာဉ်စည်းကမ်းလမ်းစည်းများနှင့်ပတ်သက်သည့်ဆောင်ရန်၊ရှောင်ရန်နှင့် ပြစ်ဒဏ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်