ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တန်း အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁ နာရီက ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်များနှင့် မြို့နယ်များတွင် အသက်(၆၀)နှစ်အထက်နှင့် နာမကျန်းသူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး၊ Quarantine Centre နှင့် Covid-19 Medical Centre များရှိ မဲဆန္ဒနယ်ပြင်ပ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲသက်သေခံ လက်မှတ်ထုတ်ပေး ရေးနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်သွား နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိနှင့် အတွင်းရေးမှူးတို့က လုပ်ငန်းစဉ် အလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ရက်များကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများအနေဖြင့်လည်း လုပ်ငန်းအောင်မြင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက တင်ပြလာမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)