မန့်ဟီးရိုးမြို့တွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသ

 

မန့်ဟီးရိုး စက်တင်ဘာ ၁၁

ဒေသခံပြည်သူများနှင့် တိုင်းရင်းသားအမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီး တိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို သိရှိနားလည်စေရန်နှင့် အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူများ ဉပဒေအရ သတ်မှတ်ထားသော ပြစ်ဒဏ်တို့ကို သိရှိနားလည်လေးစားလိုက်နာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက် (၉:၃၀)အချိန်က အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်များတွင် အမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှု မပြုကျင်ခံရအောင် ကြိုတင်ကာကွယ်နည်းများ၊ အိမ်တွင်းအကြမ်းဖက်မှု ပြုကျင့်ခံခဲ့ရလျှင် တိုင်ကြားနိုင်သော အဖွဲ့အစည်းများအပြင် အသိပညာပေးကာတွန်းများ၊ ရုပ်ပြအသိပညာပေးများနှင့် ကဗျာများအပါအဝင် အိမ်တွင်းအကြမ်းဖက်မှုပြုကျင့်ကြသော ရာဇဝတ်သားများအတွက် ချမှတ်ထားသော ဉပဒေနှင့် ပြစ်ဒဏ်များကို ဒေသခံပြည်သူများ၊ ငယ်ရွယ်နုပျိုအရွယ်အမျိုးသမီးများနှင့် တိုင်းရင်းသားအမျိုးသမီးများက ကောင်းစွာ သိရှိနားလည်စေရန် ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးပြည်သူ့စာကြည့်တိုက်ရှေ့တွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားခြင်းကို လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ ကျောင်းသွား ကျောင်းလာ ကျောင်းသား/သူများနှင့် ငါးရက်တစ်ဈေးနေ့ဖြစ်၍ ဈေးရောင်း ဈေးဝယ်များအပြင် တခြားမြို့နယ်များမှ ဈေးသည်များကလည်း အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြဖတ်ရှုခဲ့ကြကြောင်း တွေ့ရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)