ပင်လောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်း စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်ခွန်ကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက ပင်ခွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက  အမှာစကားပြောကြား​ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃) ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ ဘိန်းစိုက်​ပျိုးမှု၊ မူးယစ်​ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့် ဗလငါးတန်ပြည့်စုံမှု အကြောင်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း၊ ဆောင်းပြောင်းကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးထွန်းဝင်းအောင်က လူငယ်၊ လူရွယ်များနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)