မိုးညှင်း စက်တင်ဘာ ၁၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ စိမ်းရတနာမွန်မြောက်ရပ် ပေ (၆၀) ကားလမ်းမကြီးပေါ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၇) နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေခံတပ်ဖွဲ့များ၊ ဆန်ကုန်သည်နှင့် ဆီကုန်သည်များပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများမှ သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် သက်သာချောင်ချိရေး အရောင်းဆိုင်များကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
သက်သာချောင်ချိရေး အရောင်းဆိုင် (၁၃) ဆိုင်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ပြည်သူများသို့ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရာ ဒေသခံပြည်သူများမှ ဝမ်းသာအားရဖြင့် ဝယ်ယူအားပေးကြကြောင်း သိရသည်။
ရွှေမိုးညှင်း