လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး”  Talk Show ဆွေးနွေးပွဲပြုလုပ်

လိပ်သို စက်တင်ဘာ   ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရေးနှင့် ကလေးသူငယ်အခွင့်အရေးများ၊ ဥပဒေပြဌာန်းချက်များဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ “ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ” အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးအလုပ်သမားပြဿာနာသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် တွေ့ရှိနေရဆဲဖြစ်ကြောင်းနှင့် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဉီးစွာဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါ်နော်မားကစ် (စာထောက်−၃၊ပြ)က  ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော ကလေးအလုပ်သမား ပြဿာနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးပေါင်းစပ်ကာ ဆောင်ရွက်သင့်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘေ ာတူညီချက်များတွင် အသက် (၁၈) နှစ် အောက်ရှိသူကို ကလေးဟုသတ်မှတ်ကြသော်လည်း နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုဓလေ့ထုံးစံများကြောင့် ကလေးဟု သတ်မှတ်သည့်အသက်အရွယ် ကို နိုင်ငံအလိုက် အမျိုးမျိုးသတ်မှတ်ကြကြောင်း၊ ကလေးသူငယ်တို့သည် မည်သည့်နိုင်ငံအတွက်မဆို အနာဂတ်၏ သားကောင်းများဖြစ်ကြကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်‌ ဆွေးနွေးခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေးလုပ်ငန်းများကို Online မှ တစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)