တောင်သာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာ ၁၀ ရွာသို့ ရန်ပုံငွေ သိန်းပေါင်း ၁၅၀၀ လွှဲပြောင်းပေးအပ်

တောင်သာ စက်တင်ဘာ  ၁၁

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်း၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်သူလူထုကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို တောင်သာမြို့နယ်၌ ကျေးရွာ ၁၀ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းအကြောင်းအရာနှင့် အခမ်းအနားပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီတို့အကြား ရန်ပုံငွေလွှဲပြောင်းပေးခြင်းဆိုင်ရာ သတောတူညီချက် အပြန်အလှန်ရေးထိုးခဲ့ပြီး ကျေးရွာ ၁၀ ရွာသို့ ကျေးရွာတစ်ရွာလျှင် သိန်း ၁၅၀ စီအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ​ဥက္ကဋ္ဌ ဦးဟန်သူရ၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးငြိမ်းချမ်းဦး၊ ဦးမိုးကျော်နိူင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်စား ဒုရဲမှူး ကျော်ဇာလင်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဌေးတို့က အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်းကျေးရွာ ၁၀ ရွာ ဖြစ်သည့် ရွာသာလေး၊ ကျောက်ရင်း၊ အိုးဘို၊ ကြည်အိုင်ကန်တောတိုက်၊ ရေခါး၊ ရွှေပြည်တော်၊ ကျောက္ကာ တောင်ကုန်း၊ ဆီမီးကန်တောင်ကုန်း၊ ကျောက်ဆောက်၊ အလယ်ချိုင့်(မ)တို့တွင် ဦးစီးဌာန ရန်ပုံငွေ တစ်ရွာလျင် ကျပ်သိန်း ၁၅၀ စီအပြင် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကွန်းကရစ် လမ်းခင်းခြင်းလုပ်ငန်း (၁၀)ခု၊ ဆိုလာရေသန့်စင် စနစ်လုပ်ငန်း(၂)ခု၊ မြေသားရေကန်ပြုပြင်ခြင်း လုပ်ငန်း(၁)ခု၊ စုစုပေါင်းလုပ်ငန်း ၁၃ ခုအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)