ကျောက်တလုံးကြီးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တလုံးကြီး စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက “ရာသီဉတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး (Montreal Protocol: Fixing the Ozone Layer and Reducing Climate Change)”ခေါင်းစဉ်ဖြင့် ကမ္ဘာ့လေထုအလွှာများအကြောင်း၊ ခရမ်းလွန်ရောင်ခြည် မြေပြင်သို့ တိုက်ရိုက်မကျရောက်အောင် ကာကွယ်ပေးသည့် အိုဇုန်းလွှာအကြောင်း၊ ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်များအကြောင်း၊ အိုဇုန်းလွှာ ၏ လူသားနှင့်တိရစ္ဆာန်တို့အပေါ် အကျိုးပြုပုံ၊ အိုဇုန်းလွှာပျက်စီးရသည့် အကြောင်းအရင်းများ၊ အိုဇုန်းလွှာမပျက်စီးစေရန် ကာကွယ်စောင့်ရှောက်နိုင်မည့် နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။

အဆိုပါဟောပြောပွဲသို့ အ.ထ.က ကျောက်တလုံး၊ အ.ထ.က(ခွဲ)နောင်ခဲ၊ ပင်တွန်၊ ဆောင်းဖိုးမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် “ရာသီဉတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ပေး(Montreal Protocol: Fixing the Ozone Layer and Reducing Climate Change)”ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို အ.ထ.က ကျောက်တလုံးကြီး၌ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း