ကျောက်တန်း အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က လူစည်ကားရာမြို့မဈေး၊ ယာယီဈေးနှင့် ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် မိမိတို့ ကျောက်တန်းမြို့နယ်တွင် ပိုးတွေ့ လူနာများရှိလာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန်နှင့် ထွက်ခွာပါက လည်း Mask တပ်ဆင်ရန်၊ မဖြစ်မနေ သွားလာရမည်ဆိုပါက မိသားစု တစ်စုလျှင် (၁) ဦးသာ သွားလာစေရေး၊ လူစု လူဝေးရှိသောနေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျ ဆေးကြောရန်တို့ကို အသိပညာပေးပြီး Mask တပ်ဆင် ခြင်းမရှိသူများအားစစ်ဆေး၍ Mask တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာပေးသီချင်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား အသံချဲ့ စက်ဖြင့် လိုက်လံနှိုးဆော်အသိပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)