ဆီဆိုင်မြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဆီဆိုင် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမူလတန်းကျောင်းတွင် ဆောင်ရွက်သည်။

ရှေးဦးစွာ ကျောင်းကျန်းမာရေး သွားဆရာဝန် ဒေါက်တာမေသူထိန်က ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ပါးစပ်သည် တစ်နေ့တစ်နေ့ အစားအစာပေါင်းစုံ စားနေသဖြင့် အစားအကြွင်းအကျန်များသည် ပါးစပ်အနှံ့၊ သွားမျက်နှာပြင်အနှံ့ ကျန်နေတတ်ပါကြောင်း ၎င်းအစားအစာအကြွင်းအကျန်မှတဆင့် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားလာပြီး နောက်ဆက်တွဲ သွားပိုးစားခြင်း၊ ပါးစပ်နံ့ခြင်း၊ ရေစီးကမ်းပြိုရောဂါများ ဖြစ်လာတတ်သောကြောင့် အစာစားပြီးတိုင်း ပလုပ်ကျင်းရန်၊ တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ရန်၊ သွားတိုက်တံအား မျှဝေမသုံးစွဲကြရန်၊ နည်းစနစ်မှန်မှန်ဖြင့် သွားတိုက်ရန်၊ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန် စသည်များကို အသိပညာပေးဟောပြော၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတိုက်နည်းစနစ်မှန်ကန်စေရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)