၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးရသည့် ကျောင်းများကို ဂုဏ်ပြုဆု ချီးမြှင့်

လားရှိုး စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့နံနက်  ၉ နာရီ အချိန်က လားရှိုးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မောဝ်ချယ်ရီခန်းမတွင် ကျင်းပသည်။

အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌက အောင်ချက်အကောင်းဆုံးမြို့နယ် ပထမဆုရ ကျောက်မဲမြို့နယ်၊ ဒုတိယဆုရ မူဆယ်မြို့နယ်၊ တတိယဆုရ နောင်ချိုမြို့နယ် အောင်ချက်အကောင်းဆုံး အခြေခံပညာကျောင်းဆု ပထမဆုရ အ.ထ.က မဘိမ်း၊ ဒုတိယဆုရ အ.ထ.က (၁)နမ့်ခမ်း၊ တတိယဆုရ အ.ထ.က (၃) နမ့်ခမ်း၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်း ပထမဆုရ အမေ့အိမ်ကိုယ်ပိုင်ကျောင်း(နမ့်ဆန်)၊ ဒုတိယဆုရ ကျော်ကိုယ်ပိုင်အထက်တန်းကျောင်း(မူဆယ်)၊ တတိယဆုရ ထူးချွန်ပညာမြေကိုယ်ပိုင်အထက်တန်းကျောင်း (ကွတ်ခိုင်)ကျောင်းတို့ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌  ရှမ်းပြည်နယ်(မြောက်ပိုင်း) စာစစ်ဌာန အသီးသီးတွင် ဖြေဆိုခဲ့ပြီး (၄) ဘာသာဂုဏ်ထူးရရှိသူ (၅၈) ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၈၄)ဦးတို့ကို တာဝန်ရှိသူ အသီးသီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌက တေးသီချင်းဖြင့် ဂုဏ်ပြု သီဆိုခဲ့ကြသော အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူများနှင့် တီးခတ်ပေးသော Grade-5 ကျောင်းသူ မယွန်းရတီဦးတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)