မိုင်းခုတ်မြို့၌ စီးပွားဖြစ် စိုက်ပျိုးထားသော ​ ကြယ်ပန်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းခုတ် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်လျက်ရှိရာ အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)ရှိ စိုက်ပျိုးရေးတောင်သူ ဦးမောင်ဦး၏ ခြံဝင်းအတွင်း စီးပွားဖြစ်စိုက်ပျိုးထားသော ကြယ်ပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြယ်ပန်းများကို စတင်စိုက်ပျိုးရာတွင် ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးရကြောင်း၊ ရေကြိုက်သဖြင့် ရေလောင်းရသော်လည်း ရေဝပ်ခြင်းကိုမူ မကြိုက်ကြောင်း၊ စတင်စိုက်ပျိုးပြီး ၁၅ ရက်တစ်ကြိမ် ရွက်စားဆေး ဖြန်းရကြောင်း၊ စိုက်ပျိုးပြီး (၂)လအကြာတွင် စတင်အပွင့် ပွင့်ကြောင်း၊ ရောင်းချရာတွင် (၄)ခက်တစ်စည်းလျှင် တစ်ထောင်ငါးရာကျပ်ဖြင့် ရောင်းချရကြောင်း၊ တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးကြောင်း၊ မိုးဦးမကျခင်အချိန်နှင့် ဆောင်းတွင်းဝင်စ အချိန်များတွင် စိုက်ပျိုးရကြောင်း ပန်းစိုက်တောင်သူ ဦးမောင်ဦးက ပြောသည်။

အဆိုပါ ကြယ်ပန်းများကို အခြားမြို့များသို့ တင်ပို့ရောင်းချခြင်းမရှိသော်လည်း မိမိဒေသတွင်း စီးပွားဖြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)