ဇေယျာသီရိ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၌ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ရပ်ကွက် ရတနာစံဘုန်းတော်ကြီးကျောင်း ရတနာဘိမတဓမ္မဗိမာန်တော်၌ ကျင်းပခဲ့သည်။
အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲသို မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရနှင့် ပင့်သံဃာတော်များ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဇေယျာသီရိမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြိုနယ်သံဃနာယကအဖွဲဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်သံဃာတော်များက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်လှူဒါန်း ခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှည့်ကျပဌာနဘာဏက သံဃာတော်မှစ၍ မဟာသမယသုတ်နှင့် ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)