ကျောက်ဆည်မြို့နယ် တောင်လွှဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ကျောက်ဆည် စက်တင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး သင်တောင်းကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ(၁၁)ရက်နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ဗလငါးတန်ဖွံ့ဖို့ ငယ်ရွယ်စဉ်အခါကပင် စာအုပ်စာပေများ ဖတ်ရှုရန်လိုကြောင်းနှင့် ကျောက်ဆည် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းစွာဖြင့် နေ့စဉ်ဂရုပြုနေနိုင်ထိုင်သွားရေး ဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်ဆေးမှူးဒေါ်ဆွေဆွေမြင့်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများအကြောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသ ထားသည့် သဘာဝဘေးအန္တရာယ်နှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူ(၁၇၀)ဦးအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီ အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)