ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

ဆွမ်ပရာဘွမ် စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင် ပြပွဲကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတများရရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြတ်လာစေရန်နှင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့နှင့် ပတ်သက်၍ စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်သည့်စာပေသည် တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းဖြစ်ကြောင်း၊ လူမျိုးတိုင်းမှာ အမျိုးသားစာပေ ဆိုတာရှိပါကြောင်း၊ စာပေမရှိလျှင် လူမျိုးဟူ၍မရှိပါကြောင်း၊ စာပေနှင့်ကင်းပါက မည်သည့်လူမျိုးမှ မတိုးတက် မဖွံ့ဖြိုးနိုင်ပါကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား ဗလာစာအုပ်နှင့် ခဲတံများကို တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတများရရှိလာစေရန်၊   ဉာဏ်စွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်လျက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်/စာစောင်များ ခင်းကျင်းပြသရာ စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)