နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ပြုလုပ်

နောင်ချို စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ကိုဝင်းက မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံရာတွင် အခြေခံပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူရန် အကျုံးဝင်သော မိန်းကလေးငယ်များကို စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း ခံယူမည့် မိန်းကလေးငယ်များ၏ မိဘ/အုပ်ထိန်းသူ သဘောတူခွင့်ပြုချက်ရယူခြင်း၊ ကာကွယ်ဆေးထိုး စုရပ်ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံသည့် နေရာများ စနစ်တကျရှိရန် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံချိန်တွင် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုနှုန်း အခြေအနေများ၊ အဆိုပါ ရောဂါကြောင့် သေဆုံးသူ ရာခိုင်နှုန်းအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့်  သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မည့် ရာခိုင်နှုန်းများကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် ကာကွယ်ဆေးထိုးတာဝန်ခံ ဦးရဲမြင့်ထွန်းက ကာကွယ်ဆေး ထိုးနှံရန် စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးသည် မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၁၃ မျိုးမြောက်  ထိုးနှံပေးသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ အသက် ၉ နှစ်မှ ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို စက်တင်ဘာလတွင် ကျောင်းအခြေပြုထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကာ စုစုပေါင်း မိန်းကလေးငယ် (၃၇၉၁)ဦးအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)