နောင်ချို စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများသည် Duroc Landrace မျိုး စီးပွားဖြစ် မွေးမြူထားသော ဝက်သားပေါက်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဘန့်ဘွေးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးမော်စီ၏ မွေးမြူရေးခြံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော Duroc Landraceမျိုး စီးပွားဖြစ် မွေးမြူထားသော ဝက်သားပေါက်ကောင်ရေ (၆၀၀)အား မျက်မြင်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအား ဇီဝလုံခြုံမှုစနစ်ကို တိကျစွာလိုက်နာရေးနှင့် Quarantine ကာလ ၁၄ ရက်အတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ နေ့စဉ်စစ်ဆေးမှုခံယူနိုင်ရန် မှာကြားခဲ့ကြောင်းနှင့် နောင်ချိုမြို့နယ်သည် ဒေသတွင်း အသားစားသုံးမှုထက် ပိုလျှံစွာ မွေးမြူထုတ်လုပ်နိုင်ပြီး အခြားလိုအပ်သည့် ဒေသများနှင့် ပြည်ပသို့လည်း တင်ပို့နိုင်သော မြို့နယ်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)