ကျိုင်းလပ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ညီညီနိုင်ရေးသားထားသော "ပညာနှင့်ဘ၀အောင်မြင်ရေးလမ်းညွန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club အသင်းတို့ ပူးပေါင်းပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန်၊ စာဖတ်သူတိုးပွားလာစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင်ပြည်သူများက ဖတ်ကြားခဲ့ကြသည်။
ထို့နောက် Woman Club အဖွဲ့၀င် ဒေါ်ခင်ဆွေဦးက “ အချိန်ကို စီမံခန့်ခွဲခြင်းနည်းပညာ”အကြောင်း၊ Book Club အဖွဲ့၀င် ဒေါ်ကေသွယ်က “နားထောင်ခြင်းနှင့် မှတ်စုရေးခြင်း”အကြောင်း Youth Club အဖွဲ့ဝင် ဒေါ်ရှင်းသန့်ဝေက “ပိုမိုထိရောက်သော စာဖတ်ခြင်း”အကြောင်းကို အသီးသီး ဖတ်ကြားခဲ့ကြသည်။
ယင်းနောက် မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာနှင့် ရရှိလာသော အသိပညာဗဟုသုတများ၊ စိတ်ခွန်အားများ၊ အသိအမြင်များနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။
မေဇင်ဦး (ပြန်/ဆက်)