မြစ်သား စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောအုပ်စု၊ ညောင်ဝန်းကျေးရွာ (အ.မ.က) ကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့် ရှောက်ပေးမှုကို ယနေ့နံနက် (၉)နာရီအချိန်က နယ်လှည့်ကွင်းဆင်း ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းမှ ကျောင်းသား/ကျောင်းသူများကို တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့် မိုးရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကိုကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ကုသပေးခဲ့သည်။
မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကုသပေးစနစ်ဖြင့် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများကိုလည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)