ပင်းတယမြို့နယ်တွင် မြေပဲစိုက်တောင်သူများ မြေပဲစျေးကောင်းရရှိ၍ အဆင်ပြေ

ပင်းတယ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး ဒေသနှင့်ကိုက်ညီသည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည်တို့ကို စီးပွားဖြစ် စိုက်ပျိုးရောင်းချကြရာ ယခုအချိန်တွင် မြေပဲစိုက်တောင်သူများ မြေပဲစျေးကောင်းရရှိ၍ မိသားစုဝင်ငွေအတွက် အဆင်​ပြေလျက်ရှိကြောင်း သိရသည်။

မြေပဲစိုက်ပျိုးရာတွင် ကဆုန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း (၁၀၀) ကျော်တွင် နှုတ်ယူခူးဆွတ်ကြောင်း၊ ရရှိလာသည့် မြေပဲအား တောင်သူများအနေဖြင့် မိမိတို့မိသားစု စားသုံးဆီဖူလုံရေးအတွက် ဆီကြိတ်၍ သိုလှောင်ထားကြပြီး ကျန်ရှိသည့် မြေပဲများကို ပွဲစားလက်ဝယ်ထံသို့ ရောင်းချကြရာယခုနှစ်တွင် မြေပဲဆီ (၁၀) ပိဿာ တစ်ပုံးတွင် ကျပ်တစ်သိန်းခြောက်သောင်းမှ တစ်သိန်းခုနှစ်သောင်းအထိရရှိကြောင်းနှင့် မြေပဲအခွံမချွတ်ရသေးသည့် မြေပဲတောင့် တစ်တင်းလျှင် တစ်သောင်းတစ်ထောင့်ငါးရာကျပ်ခန့်ရရှိနေ၍ မြေပဲစိုက်တောင်သူများ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ရဲထက်ဦး(ဓနုမြေ)