ပင်လောင်း၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအလိုက် အသက်(၂၅)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပင်လောင်း  စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ​ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က  မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ဗန်းမောက် ဘောလုံးအသင်းနှင့်  H.T.Y Generation ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗန်းမောက်ဘောလုံးအသင်းက  H.T.Y Generation ဘောလုံးအသင်းအား ​လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း၊ ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒုတိယဆုရရှိသည့် H.T.Y Generation ဘောလုံးအသင်းအား ငွေသားဆု ငါးသိန်းနှင့် ဆွဲပြားဆု၊ နေရာအလိုက် အကောင်းဆုံးဆုရရှိသည့် ကစားသမားများကိုလည်းကောင်း၊   မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များက ပထမဆုရရှိသည့် ဗန်းမောက်ဘောလုံးအသင်းအား ဆုဖလား၊ ငွေသားဆု ခုနစ်သိန်းနှင့် ဆွဲပြားဆုတို့ကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ တာဝန်ရှိများနှင့် ပထမဆု၊ ဒုတိယဆုရရှိသည့် ဘောလုံးအသင်းသားများဖြင့် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြကြောင်း သိရ​သည်။

မြို့နယ်(ပြန်/ဆက်)